0

ယေရုဆလင်ဗိမာန်တော် JERUSALEM TEMPLE

ယေရုဆလင်ဗိမာန်တော်
JERUSALEM TEMPLE

ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလ မုန်မင်းနန်း စံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကိုတည်စပြုတော်မူ၏။
1 King 6 : 1
ဇဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်း တို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊ ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ ထိုနှစ်စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ခါလဒဲလူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဥ့်အခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင် ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏ အမှုကိုစစ်ကြော စီရင်သည်အတိုင်း၊ ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံ တော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့လေ၏။ ကိုယ်ရံတော်မှူး၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ သို့ရာတွင် စပျစ်ဥယျာဉ်ကို ပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
2 King 25 : 1

ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထာဝရ ဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့် အတူဘုရားသခင်ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ လူတည်းခိုရာ အရပ်ရပ်၌နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသောအလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင်နှိုးဆော်တော်မူသော သူအပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ရှိတော်မူသော ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါထကြ၏။ အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသောအလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။ ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာ တို့ကို၊ ၈ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇ၌ ရေတွက်လျက် အပ်တော်မူ၏။
Ezra 1:1-4

ဟေရုပ်မင်းကြီးသည် ဒုတိယဗိမာန်တော်ကို ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ခဲ့သည်။ ဟေရုပ်ဗိမာန်တော် Herod's Temple ဟု ခေါ်တွင်ခဲ့သည်။ ကျောက်တုံးကြီးများမှာ ၂၄တန်ခန့် ရှိပြီး၊ အကြီးဆုံး ကျောက်တုံးကြီးများမှာ ပေ၁၀၀ပတ်လည်၊ တန်ချိန်၁၀၀ရှိသည်။ ခရစ်တော်မမွေးဖွားချိန်မှ စတင်ဆောက်လုပ်ခဲ့ရာ ခရစ်တော် ကားတိုင်တက်သေဆုံးသည့်တိုင်အောင် ဗိမာန်တော် မပြီးသေးပါ။ 70 CE (March - September) တွင် ရောမဘုရင်ဖြစ်မည် တိတပ်စ် Titus စစ်တပ်ကြီးက ယေရုဆလင်မြို့ကို ဝိုင်းဝန်းပြီး အောင်နိုင်ခဲ့သည်။ ဂျူး-ရောမ သမိုင်းပညာရှင် Josephus အဆိုအရ ၁သန်းကျော် 1,100,000 people အသက်ဆုံးရှုံးခဲ့ရာ ဂျူးအများစုဖြစ်ကြသည်။ 97,000 ကျွန်အဖြစ်ဖမ်းဆီးခံခဲ့ရသည်။ သခင်ယေရှုက ယေရှုဆလင်ဗိမာန်တော် မပျက်စီးမှီ စွန့်ခွာရန် နိမိတ်ဖတ်ပြောခဲ့သည်ကို လိုက်နာသူ ဂျူးများမှာ အသက်ဘေးမှ လွတ်ခဲ့ကြသည်။

၇လကြာအောင် ရောမစစ်တပ်မှ ဝိုင်းရံ၊ ရိက္ခာဖျက်ထားသောကြောင့် မြို့တွင်းဂျူးများမှာ ကလေးများကိုပင် ပြုတ်ပြီးစားသောက်ခြင်းများ ရှိခဲ့သည်။ မြိုရိုးကျိုးပေါက်ပြီး စစ်ရှုံးချိန်တွင် ဂျူးလူမျိုး ၅၀၀၀ ခန့် ဗိမာန်တော်တွင်း ဝင်ရောက်ခိုလှုံနေချိန်၊ စစ်သွေးကြွနေသော ရောမစစ်သားများက ဗိမာန်တော်ကို မီးရှို့ပစ်လိုက်ခြင်းဖြင့် အားလုံးသေကြေ၊ ဗိမာန်တော်လည်း ပြာကျ၊ဖျက်ဆီးခံလိုက်ရသည်။

ထိုအချိန်မှစပြီး ဂျူးလူမျိုးများ၏ ယေရုဆလင်မြိုသည် နှစ်ပေါင်း ၂၀၀၀ခန့် တပါးအမျိုးသားများလက်အောက်တွင် ကျရောက်ခဲ့ရသည်။

ယေရုဆလင်မြို့ ရောမတို့ တိုက်ခိုက်ဖျက်ဆီးပြီးသည့် 70 CE နောက်တွင် နှစ်ပေါင်းများစွာ ဗိမာန်တော်ပျောက်ဆုံးခဲ့ရသည်။ မူဆလင်ဘုရင်များ ယေရုဆလင်ကို သိမ်းပိုက်ပြီး 691 CE ၌ ဗိမာန်တော်နေရာတွင် Doom of the Rock ကိုဆောက်လုပ်ခဲ့သည်။ ကရုးဆိတ်စစ်ပွဲများတွင် ခရစ်ယာန်များက ပြန်လည်သိမ်းပိုက်ပြီး 1099 CE ဗိမာန်တော်အဖြစ်ပြန်လည်မွမ်းမံခဲ့ကြသည်။ မူဆလင်များက ပြန်လည် သိမ်းပိုက်သောအခါ 1187 CE ခရစ်ယန်ဗိမာန်မှ မူဆလင်ဗလီအဖြစ် ပြောင်းရပြန်သည်။ ထိုသို့ ဖြင့် ယေရုဆလင်မြိုမှာ အော်တိုမန် တူရကီအင်ပါယာ လက်အောက်မှာ ဗြိတိလျှတို့ 1917 တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
ထိုအချိန်မှစပြီး ဂျူးလူမျိုးများ ယေရှုဆလင်သို့ ရွှေ့ပြောင်းနေထိုင်ကြရာ အင်္ဂလိပ်က အစ္စရေးနိုင်ငံသစ် ထူထောင်ပေးသော 1948 ခုတွင် ယေရုဆလင်လူဦးရေ 160,000 တသိန်းခြောက်သောင်းရှိလာသည်။ သုံးပုံနှစ်ပုံမှာ ဂျူးလူမျိုး၊ သုံးပုံတစ်ပုံ အာရပ်လူမျိုးများဖြစ်ကြသည်။ 1948 အာရပ်-အစ္စရေးစစ်ပွဲအပြီး ယေရှုဆလင်အနောက်ခြမ်းကို အစ္စရေးက အုပ်ချုပ်ရန်နှင့် ယေရုဆလင်အရှေ့ခြမ်းကို ဂျောဒန်နိုင်ငံက အုပ်ချုပ်ရန် ကုလသမဂ္ဂမှ ဆုံးဖြတ်ပေးခဲ့သည်။ သန့်ရှင်းရာ နယ်မြေဖြစ်သော Temple Mount မှာ ဂျော်ဒန်ပိုင်မြေအဖြစ်ရှိနေပြီး 1967 ခု အာရပ်-အစ္စရေး စစ်ပွဲတွင် ယေရုဆလင်တခုလုံးကို အစ္စရေးမှ သိမ်းယူနိုင်ခဲ့သည်။ ကုလသမဂ္ဂဆုံးဖြက်ချက်ကို အစ္စရေးက လစ်လျူပြီး အပြီးအပိုင်သိမ်းပိုက်ခဲ့သည်။ Temple Mount သန့်ရှင်းရာနယ်မြေကို ဂျူး နှင့် ခရစ်ယာန်များအတွက် ဖွင့်ပေးခဲ့သည်။ Doom of the Rock မှာ မူဆလင်ဘာသာရေးအဖွဲ့ပိုင်အဖြစ် ဆက်လက်ထားရှိသည်။ 1993 တွင် ဂျော်ဒန်ဘုရင်မှ မတည်ငွေဖြင့် Doom of the Rock ကို ရွှေရောင်အဖြစ် ပြောင်းလဲခဲ့ကြသည်။

ယနေ့ကာလ 2011 အထိ ယေရုဆလင်မြို့၊ သန့်ရှင်းရာနေရာ Temple Mount သည် အစ္စရေး-ပါလစ်စတိုင်း ပြသနာ၏ အဓိက အငြင်းပွားနေရာအဖြစ် ရှိနေဆဲဖြစ်ပါသည်။ သမ္မာကျမ်းစာအရဆိုလျှင် ဗိမာန်တော်နေရာကို ဂျူးလူမျိုးများ ပြန်လည်မရနိုင်ဟု ဆိုပါသည်။ ယေရုဆလင်နှင့် ဗိမာန်တော်နေရာဟောင်းကို အစ္စရေးများ ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ဗိမာန်တော်နေရာမှာ မူဆလင် Doom of the Rock အဖြစ်ရှိနေဆဲဖြစ်ပါသည်။ ခရစ်ယာန်များက Temple of the Rock ကို ယေရှုဆလင်ဗိမာန်တော် ဗိသုကာအတိုင်း ဟု ယုံကြည်ကြပါသည်။

အလွန်လှပသော ယေရုဆလင် ဗိမာန်တော် ပျက်စီးခြင်းဖြစ်သည်။ အစ္စရေးလူမျိုးများက ဘုရားသခင်ကျိန်းဝတ်ရာဗိမာန်ကို ရန်သူများလက်မှာ ကာကွယ်ပေးမည်းဟု မိုက်မဲသောအတွေးဝင်ခဲ့ကြသည်။ ပရောဖက် ယေရမိက အပြစ်များကို ထောက်ပြခဲ့သည်။ ယေ ၃ း ၉၊ ၁၀ ဝတ်ပြုကိုးကွယ်ရန်လာသူတို့၏ နှလုံးသားမလှပလျှင် လှပခန့်ငြားသော ဘုရားကျောင်းကို ဘုရားသခင်အသိအမှတ်မပြုပါ။ (နေ့စဉ်ခွန်အား ၁၄ သြဂုတ် ၂၀၁၁)

နောက်ဆုံးသောကာလနှင့် ဗိမာန်တော်အသစ်
ရှင်မဿဲ ၂၄ း ၁၅ ၊ "ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည် ပါစေ။ " ဒံယေလ၊ ၂သက်သာလောနိ ၂၊ ဗျာဒိတ်ကျမ်း ၁၃ ကျမ်းစာများအရလည်း အနာဂါတ် ယေရုဆလင်ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်း ခန့်မှန်းချက်များရှိပါသည်။ အစ္စရေးတို့၏ Mosaic System ကို လိုက်နာမည်ဆိုပါက ယေရုဆလင်ဗိမာန်တော်အသစ်ကို ဆောက်ရန်နေရာမှာ ယေရှုဆလင်ဗိမာန်တော်ဟောင်းနေရာမှလွဲပြီး အခြားနေရာမရှိပါ။ ထိုအချိန်သည် နောက်ဆုံးသောကာလ အချိန်ပင်ဖြစ်ပေတော့မည်။

သန့်ရှင်းရာနေရာသို့အလည်တစ်ခေါက် - လှမင်းသူဆောင်းပါးများတွင် ဂျူးနှင့်ခရစ်ယာန်သမိုင်းဝင်နေရာများအကြောင်း လေ့လာဖတ်ရှုနိုင်ပါသည်။
Murann Link (Click Here)

ကောင်းကင်သစ်နှင့်မြေကြီးသစ
ကောင်းကင်ဘုံသည်၊ ဝမ်းမြောက်ရွင်လန်းရာ နေရာဖြစ်သည်။ ထိုနေရာကို မိမိတို့ ယခု လူ့ဘဝရှိစဉ်တွင်ပင် ဘုရားသခင်နှင့်ဆက်သွယ်ပြီး ခရစ်ယာန်အသက်တာလျှောက်လှမ်းခြင်းဖြင့်၊ ခံစား၊ ရယူနိုင်ပါသည်။ ဗျာဒိတ်ကျမ်း ၂၁၊ ၂၂ အဆုံးသပ်တွင် တမန်တော်ရှင်ယောဟန် ရူပါရုံ၊ အလျှား၊ အနံ၊ အမြင့် ၁၃၆၃မိုင်ရှိသော ဗဟုတုံးသဏ္ဍန်ရှိပြီး၊ အမေရိကန်ပြည်ထောင်စု အရွယ်အစားရှိမည့် ဘုရားသခင်ဘုန်းတော်အလင်းထွန်းတောက်သောကောင်းကင်သစ်နှင့်မြေကြီးသစ် အကြောင်းကိုဖတ်ရှုရန်လိုသူများ အောက်ပါလင့်ခ်များတွင် ဖတ်ရှုကြပါရန်။
http://www.truthnet.org/endtimes/13/
http://en.wikipedia.org/wiki/New_Jerusalem

ဇော်အောင် (မုံရွာ)

ဆရာမျိုးသူ Matthew Ku Ku ၏ July 2011 ယေရုဆလင်ဗိမာန်တော် ဒေသနာများမှ၎င်း၊ ကောင်းကင်သစ်နှင့်မြေကြီးသစ် ဗိမာန်တော်၊ ဆရာအောင်နိုင် (Grace Church & HCF Singapore) ၏ ငရဲနှင့်ကောင်းကင်ဘုံ ကျမ်းစာလေ့လာခြင်းများမှ ကောက်နုတ်ဖေါ်ပြပါသည်

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...